စာမျက်နှာများ

Saturday, March 23, 2013

ကမ်းနားလမ်းက လူကုံတံ အသိုင်းအဝိုင်းတစ်စု ။ ပျော်ရွှင်မှုတွေ သောက်သုံးနေကြ ။ အပျော်အပျက်တွေ မှာယူစားသုံး ။ သူတို့အိတ်ထောင်ထဲမှာ ပဒေသာပင် အရွက်ကြီးတွေ ။ အဲဒီ အပင်ကြီးတွေရဲ့ အသီးပိုးစား အပဲ့ တစ်ခုလောက်ကို မျှော်နေတဲ့ မလေးပိစိတွေ ။ စုံနေမှပဲ ။ ကမ်းနားလမ်းမှာလေ ။ မျက်နှာကြီးကြီးနဲ့လူ ။ ဟန်းဖုန်းကြီးကြီးနဲ့ လူ ။ လူကုံတံကမ်းနားလမ်းမှာ လူတွေ အကုန် သုံးဖြုန်းနေကြ ။
မကွေးမြို့ရဲ့ ကမ်းနားလမ်းမှာ ။
ရင်ခုန်သံတွေ အစပျိုးခဲ့တဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ စီးဝင်
ဦးနှောက်ထဲ စိမ့်ဝင်
နှုတ်ဖျားတွေက ဆွံ့အ
မျက်ဝန်းကကို မထွက်သေးဘူး
ခံစားချက်တွေ ရင့်မှည့်လာတော့ အရောင်တွေ ပြောင်းကုန်တယ်
မျက်ရည်တွေက ခြေလှမ်းတွေကို ဆန့်ကျင်ဘက် တံခါးဆီ သယ်ဆောင်သွား
ကျန်ခဲ့တဲ့ ငိုရှိုက်သံ တစ်ခုက လွမ်းမောဖွယ်
တုံ့ခနဲ ရပ်လိုက်
ပြီးတော့ အားကုန်ပြေးထွက်သွားမိတယ်   ....။   ။


ရွှေဝါရောင်တော်လှန်ရေးမှာ ရော်ရွက်ဝါတွေ တစ်ဖြုတ်ဖြုတ် ....
လေချိုသွေးတွေ ကြီးစိုးမင်းမူပြီး မညှာမတာ အညှာကနေ ခြွေချပစ်နေတာ ....
ဝရန်တာက ငါ့အပေါ် လေမှုန်တွေ တစ်ဖွဲဖွဲကျရောက် ....
ငါ့ရင်ဘတ် ထဲက ကခုန်နေတဲ့ အရာတွေ ....
ငါ့အသိစိတ်တစ်ခုလုံးက ငါနဲ့မိုင်ရာချီဝေးတဲ့ ငါ့ရွာလေးဆီကို ....
ငါ့အမေရဲ့သား .. ငါ့ညီ ငါ့ညီမ ရဲ့ အစ်ကို အဖြစ် ခေတ္တသွားရောက် ....
ငါချစ်တဲ့ သူတွေနဲ့ တွေ့နေတုန်း ...
" ထောက် " တဲ့ ....
ထမင်းပေါင်းအိုး တည်ထားတာ ကျက်သွားပြီလေ ..........။          ။

Thursday, March 14, 2013

မိုးအောက်မြေပြင်

မိုးအောက်မှာ မြေပြင်ရှိရင်ပေါ့
မနုဿတွေ ကြားမှာ မေတ္တာတွေ ရှိရင်ပေါ့
အာဃာတ တွေကြားမှာ မြက်ပင်တွေ လန်းဆန်းမယ်
စစ်ပွဲတွေ ပျောက်ကွယ် ....
မိုးအောက်မှာ မြေပြင်ရှိရင်ပေါ့
ဆေးထိုးအပ်တွေက ကျည်ဆံတွေထက် ပိုများရင်ပေါ့
မျက်ရည်တွေ နေရာမှာ အပြုံးတွေ အစားထိုးမယ်
လူသတ်သမားတွေ ပျောက်ကွယ် ....
မိုးအောက်မှာ မြေပြင်ရှိရင်ပေါ့
နာကျည်းချက်ကို အလွမ်းနေ့တွေနဲ့ ကုန်ဆုံးမယ်
ရင်ဘတ်ထဲက ကောင်မလေး တစ်ယောက်ပျောက်ကွယ် ....
မိုးအောက်မှာ မြေပြင်ရှိရင်ပေါ့
အဲ့လိုပဲ ကျွန်တော်တို့ မှာ သင်္ခါရတရား ရှိရင်ပေါ့
သံသရာကြီးဟာ မတည်မြဲခြင်းတွေနဲ့ ပြည့်နေမယ်
မိုးအောက်မြေပြင်မှာ အရာရာဟာ ပျောက်ကွယ် ......။ ။
အဝေးရောက်ကျောင်းသား

တောင်တန်းထူထူ
သစ်ပင်ထဲထဲတွေကိုဖြတ်
ငှက်တစ်ကောင်ဟာ မရပ်မနားပြန်သန်းချင်ရဲ့
(သူ့ပျော်ရွှင်မှုအတွက်)
သူ့အားလပ်ရက်တွေကို ကုန်ဆုံးချင်စိတ်နဲ့
စာမေးပွဲနှစ်ခုကို မဲ့ပြုံးပြုံးနဲ့ နှုတ်ဆက်တယ် ။
လွမ်းဒဏ်သင့် သုံးလ နောက်မှာ
ရွှေတောင်ပံ တစ်စုံကိုဖြန့်
သူ့ ရွှေစင်အိမ်နန်းမှာ နားဖို့
ကဗျာတွေ ရေးထားတယ် ။
အဲဒီငှက် ကျွန်တော်ဟာ
စာသင်ကိုင်း တစ်ခုမှာနားရင်း
ပန်ကာသံကျယ်ကျယ်အောက်မှာ
ပိတောက်ကို မျှော်ရင်း ....
သင်္ကြန်ကို မျှော်ရင်း ....
ဧပြီကို မျှော်ရင်း ....
.............................. ။ ။

Tuesday, February 19, 2013

ခင်ဗျားပြောတဲ့ရွက်ကြမ်းရေကျိုပါ

ကျောတခင်းစာ နေရာတစ်နေရာနဲ့
ဘ၀ ကဗျာကို တစိမ့်စိမ့်ဖတ်ရှု
ခင်ဗျားတို့ပြောပြောနေတဲ့
ပကာသနဆိုတာကြီးကို လျစ်လျူရှုထားတဲ့ကောင်...။

ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ့်အကြောင်းကိုယ်ပြော
ကိုယ့်တရား ကိုယ်ဟောရင်း
ကိုယ့်မာန တံခွန်အောက်မှာ
ခါးထောက်ရပ်နေတဲ့ ကောင်...။

ဂုဏ်မရှိ...ငွေမရှိ
ဆွေမရှိ...မျိုးမရှိနဲ့
အမေ့အပြုံးလေးတစ်ခုကိုကြည့်ပြီး
အသက်ရှူနေတဲ့ကောင်...။

အချစ်မရှိ...အနှစ်မသိ
မာယာမရှိ..ဘာညာမသိ
အမေရှိနေတဲ့ အသိတစ်ခုနဲ့
ဘ၀ကို ကျက်သရေ ရှိရှိနေထိုင်တဲ့ကောင်..။

အဲဒီ့လို
လူမွှေးသူမွှေးမပြောင်တဲ့ကောင်မှာ
အများအတွက်ဆိုတဲ့
ချစ်ခြင်းအလင်းရောင်နဲ့
ကိုယ့်နေရာလေး သီးသန့်မှောင်နေတာတောင်
ဂြိုလ်ကောင်ဆိုတဲ့ အကြည့်မျိုးနဲ့
မျက်စောင်းထိုးသွားတတ်ကြသေးတယ်...။

ထားပါလေ...
ထားလိုက်ကြပါလေ...

ငါကတော့
တစ်လုပ်စားဘူးသူ့ကျေးဇူးဆိုတဲ့အသိနဲ့
တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်တာတောင်
အကြိမ်ကြိမ်အခါခါ သေဖို့ ၀န်မလေးတဲ့ကောင်...။